Saturday 30 July 2011

မြန်မာ့အာဇာနည်သားကြီးများ

နောင်တော်သင်းပင်းများနှင့် ဒါယကာ၊ ဒါယကာမအေပေါင်းတို့။
မအူပင်ထောင်မှ ဆရာတော် လွတ်လာပြီးသည့်နောက် ယခု ဂျီ၊ စီ၊ ဘီ၊ အေ၊ မြည်မာအသင်းချုပ်ကြီး အစည်းအဝေးသည် ပထမစည်းဝေးခြင်းဖြစ်သည်။

အမိမြန်မာပြည်ကြီး အစည်းအဝေးသည် ပထမစည်းဝေးခြင်းဖြစ်ပါသည်။

အမိမြန်မာပြည်ကြီးအတွက် ကြံ့ခိုင်စွာဆောင်ရွက်သော အာဇာနည် သားကြီးတို့အနက် သားတစ်ယောက် သေဆုံးရသည့်အတွက် အလွန်မှဝမ်းနည်းလှသည်ဖြစ်ကြောင်း။ ဆရာတော်၏ အမှုကိစ္စကို ဆောင်ရွက်ရာ၌ ဦးစိန်လှအောင်ကို မရဏသေမင်းက မချွင်းမချန်မရဏနိုင်ငံကို အမြန်သိမ်းယူခြင်းကြောင့် ဆရာတော်သည် သာ၍ပင် ဝမ်းနည်းလှပေသည်။

အမျိုးသားဖြစ်သော အာဇာနည်ရှေ့နေများသည် ရန်ကုန်မှထွက်သွား၍ နှစ်နာရီအတွင်းဆရာ၏ ရှေ့နေလေးယောက်တို့မှာ ဆိုးလှသော ကပ်ရောဂါ စွဲကပ်ဖိစီးသည်ဖြစ်ကြောင်း။

၎င်းအပြင်နှစ်ရက်အတွင်း ဥိးစိန်လှအောင် သေဆုံးရ၍ အမျိုးသားပေါင်းတို့မှာ ထိုပုဂ္ဂိုလ်အား စွန့်လွှတ်ဆုံးရှူံးရမည်ဖြစ်ကြောင်းကို တစုံတစ်ယောက်သောသူတို့မှ သိရှိနိုင်မရိပ်မိနိုင် ရှိကြရလေသည်။

ဆရာတော်သည် ပထမ ဘီအေ ဝတ်လုံတော်ဦးပု၊ ၎င်းနောက်ဦးစိန်လှအောင်၊ ၎င်းနောက် ဝတ်လုံတော်ရ နှစ်ဦးတို့ မကျန်းမမာရှိခြင်းကို ကြားသိရသောအခါ အံ့သြသင့်၍ ဘယ့်အတွက်ကြောင့် နှစ်ဦးနှစ်ဘက်တို့ အနက် တဖက်သောသူတို့ဘက်ကသာလျှင် ဤမျှအတိဒုက္ခ ခံစားကြရဘိသနည်းဟု ဆရာတော်ကိုယ်ကို ဆရာတော်မေးမြန်း တွေးတောမိ၏။

ထိုအခါ သို့လောသို့လောဟု အတောတော်အတန်တန် မကြံတတ်မဆတတ် ပင်ရှိမိ၏။ ယင်းသို့စိတ်၌ ဒွိဟယူမဆနိုင်၊ တွေးမှိုင်ကြံအိုက်ပြီးလျှင် သင်္ကာယ န မကင်းတမျှ ရှိနေဆဲတွင် ဦးပု၏ဝေဒနာသည် မကြာခဏ ရွရွတိုးလာသဖြင့် အထူးစီမံ၍ ရန်ကုန်မြို့သို့ ရွေ့ယူသွားရလေသည်။

ဦးပုအတွက် ပြန်သူအားလုံးတို့၏စိတ်၌ သောကမကင်းရှိရခြင်း၊ ၎င်းပြင် ဂျီ၊ စီ၊ ဘီ၊ အေ၏ စရိတ်ငွေသည်လည်း များစွာကုန်ကျခံရခြင်း ဖြစ်လေသည်။

ထိုသို့ရှိနေခိုက်တွင် ဓညဝတီသား အာဇာနည်ရှေ့နေ ဦးစိန်လှအော်သည် အနိစ္စရောက်လေပြီ၊ ရုတ်ချင်းမလှ ကြေးနန်းစာရရှိသောအခါ မြန်မာပြည်တဝှမ်းလုံးရှိ အမျိုးသား၊ သမီးတို့မှာ ယူကျုံးမရ အူသဲနှလုံးတို့ကို ကြိမ်မီးအုံးတမျှ ရှိကြရသည့်အပြင် မအူပင်မြို့ငယ်မှာ ပူဆွေးသောက ပွားခြင်းကြီးပွားကြ၍ ရှိကြရပါသည့်အပြင် မအူပင်မြို့ငယ်မှာ ပူဆွေးသောက ပွားခြင်းကြီးပွားကြ၍ ငိုသူကငို မျက်ရေယိုကျ ရှိုတ်ကြီးတငင် ချစ်ခင်မြတ်နိုး ခိုကိုးရာ မွေးပေါက်ဖော် ဆုံးရဘိသကဲ့သို့ ရှိကြရလေသည်။

ကုသိုလ်ကံထောက်မ၍ ဦးပုမှားကား များစွာသော ရက်ပေါင်းအတွင်း ထိုဝေဒနာကို ခံစားရပြီးသည့်နောက် ကျန်းမာချမ်းသာ၍ ယခုအခါ ပြည်ရေးပြည်ရာကို အမျိုးသားတို့နှင့်အတူ ဆောင်ရွက်လျှက်ရှိလေသည်။

ဦးဘစီ၊ ဦးကျော်ဦး၊ ဝတ်လုံတော်ရ နှစ်ဦးဒတို့အနက် ဦးကျော်ဦးသည် သာ၍ပင် ထိုဝေဒနာ၏ ဖိစီးခြင်းကိုခံရသော်လည်း ထိုသူတို့နှစ်ဦးမှာ သေမင်းလက်သို့မပါဘဲ ချမ်းသာကျန်းမာလျှက် ရှိခဲ့လေသည်။

ထိုပုဂ္ဂိုလ် ၃-ဦးတို့ကို အမျိုးသားတို့က လက်လွတ်ဆုံးရှူံးခြင်း မရှိသည့်အတွက် ဝမ်းမြောက်ကြရသည်ပင် ဖြစ်သော်လည်း ဦးစိန်လှအောင် တစ်ဦးကို ဆုံးရှူံးရသည့်အတွက် ယခုအခါ စိတ်မကြည်သာနိုင်လောက်အောင် ထိုအာဇာနည်ဆင်ပြောင်ကို မြင်ယောင်နိုးနိုးရှိကြရှိပေသည်။

ဦးစိန်လှအောင်သည် စွယ်စုံပြောင်မြောက် ဆက်ပေါက် တစီးကဲ့သို့ အားကိုးလောက်သော ရာဇဓမ္မအရာ၌ ကျွမ်းကျင်သူ ရှေ့နေတစ်ဦးလည်းဖြစ်သည်။ လောကဓမ္မ သဘာဝရေးရာတို့၌ ခြေငံကျွမ်းဝင်သူလည်း ဖြစ်သည်။

၎င်းအပြင် အမိမြန်မာ ပြည်ကြီး၏ လုံးဝကိစ္စတို့၌ မဆုတ်မနစ်သော လုံးလဝိရိယဖြင့် စောင်မကြည့်ရှူသူလည်းဖြစ်ပေသည်။ ဗဟိဒ္မသဏ္ဍာန်(လေ)၊ (ဟန်) ပကာသနကို လိုလားကြွားရင့်တတ်သူလည်းမဟုတ်၊ အဇျွတ္တသဏ္ဍာန်၌လည်း စိုးစဉ်းမျှ ကြောက်စိတ်မရှိ၊ နောက်ဆုတ်တုန်လှုပ်တတ်သော အမူအရာမရှိသည့်ပြင် သူတို့သဘာဝတ္တ အလေ့အလာမှာ ပညာဥာဏ်ဖြင့် စီရင်စီမံတတ်သောသူလည်းဖြစ်၏။

ထိုပုဂ္ဂိုလိ၏ လျင်မြန်သော (ဇဝန) ဥာဏ်ဖြင့် မှန်ကန်သော အဓိဌာန်သစ္စာကိုပြုလျှက် ပြည်ကျိုးအတွက် ထမ်းရွက်နှိုးဆော်ခြင်းပြုခဲ့သည့်အခါသမယတွင် အကြင်သို့သော အာဇာနည်ပါမောက္ခ မရှိဆုံးရှူံးရသည့်အတွက် ဆရာတော်ကပင်လျှင် စိတ်တွင်မချိ ဝမ်းနည်းလေဘိ၏။

သို့ကြောင့် မြန်မာပြည် အမျိုးသားအပေါင်းတို့နှင့် သောကလောင်မီး ပွားစီးမချီသော ထိုဦးစိန်လှအောင်၏ ဇနီးဥာတိတို့ကိုပါ ဆရာတော်က နိဗန္ဓကာရုညဖြစ်ဘိ၏။

(ကရုဏာနှောင်ဖွဲ့မိသည်ဟူလို။)
ဘုန်းတော်ကြီး ဦးဓမ္မောဒယသည် မကြာမီနေ့ရက်အတွင်း၌ ပျံလွန်တော်မူရခြင်းမှာလည်း ဗုဒ္ဓဘာသာ သာသနာတော်၏ စစ်သူကြီးတစ်ဦးပျောက်ဆုံးရခြင်း ဖြစ်ပေသည်။

ထိုပုဂ္ဂိုလ်အရှင်မြတ်သည် သာသနာတော်၏ ဝန်ကိုသာ ဆောင်ရွက်သည်မဟုတ်။ ကြိုးကုတ်တဖန် ပြည်ခန်းပြည်ရေးတွင်လည်း ဆီမီး၏သဖွယ် အသွယ်သွယ်သောကိစ္စတို့၌ မှောင်မိုက်မကင်း မရှင်းရှူပ်ထွေးသောအရာတို့တွင် ထင်ထင်လင်းလင်း သြဝါဒနည်းနိသျှတို့နှင့် အစဉ်ကျကျ နည်းပြသော ဝံသာနုရက္ခိတကြီးဖြစ်လေသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်ထူးနှစ်ပါးကို အမျိုးသားတို့က လက်လျှော့စွန့်လွတ်ရသည့်အတွက် ရတတ်ဗျာပါ များစွာပွားစီးရသော်လည်း ပုထုဇန ဝေနေယျတို့၏ လောကဓမ္မတာထုံးသုံးဖြာမှာ အနိစ္စမမြဲ ရှိလေဘိဟု ကဲကဲမှတ်ထင်၊ တွေးဆခြင်းသော်၊ သက်လျှင်ရှိခိုက်၊ လုံ့လစိုက်၍၊ မှောင်မိုက် အဝိဇ္ဇာ၊ ဝဲသြဃာမှာ၊ ဆောင်ရာကိစ္စ၊ ပြုပြီးမှမူ၊ နေ့ညမခြား၊ ဖြစ်ရှာကြသည်၊ သင်္ခါရဓမ္မတာ၊ တို့ချည်းသာတည်းဟူသော ကမ္မဌာန်းကို စီးဖြန်းလျက် သောကစိတ်ကို ပျောက်စေသင့်ကြသည်။
ယခုကဲ့သို့ ကွယ်လွန်သူတို့၏ အကြောင်းအချက်ကို မြွက်ဟဖွင့်ဆိုခဲ့ပြီးဖြစ်၍ ဆရာတော်အား ဝတ်လုံးတော်ရ ဦးမောင်ကြီး၊ အမ်အေ အယ်လ်အယ်ဘီ ဦးသိမ်းမောင်၊ ဝတ်လုံးတော်ရ၊ ဦးပု၊ ဦးဘထွန်းတို့မှစ၍ အသီးသီးသော ရှေ့နေများတို့နှင့်တကွ ဂျီ၊ စီ၊ ဘီ၊ အေတွင် ပါဝင်သော အသင်းသား ဒါယကာ၊ ဒါယကာမအပေါင်းတို့ပါ အားလုံးမကျန် ဆရာတော်၏ အမှုကိစ္စအတွက် မိမိတို့၏ စရိတ်ကုန်လူပမ်း အခမ်းခမ်းသော ဒုက္ခတို့ကိုခံ၍ ဆောင်ရွက်ကြသည်ကို အထူးကျေးဇူးတင်ပါကြောင်း။

တိုင်းပြည်နိုးကြား၍ဝမ်းသာခြင်း

မြန်မာပြည်တစ်ဝှမ်းလုံးရှိ ဝေနေယျ အပေါင်းများကပင်လျှင် ဆရာတော်အား ရာဇဝတ်မှု ပြုလုပ်တရားစွဲဆို အပြစ်ပေးခြင်းမှာ ထိုပုဂ္ဂိုလ်တို့က ခုခံချေပ တရားယှဉ်ပြိုင်ခြင်းအတွက် တိုင်းပြည်တဝှမ်းလုံး အထူးအံ့သြဖွယ်ရာ နိုးကြားထကြွရှိလာကြသည်ဖြစ်ခြင်းကြောင့် ထိုထိုပုဂ္ဂိုလ်တို့ကို ကျေးဇူးဂုဏ်ထူးကို မေ့လျော့နိုင်ဖွယ်ရာမရှိပေ။

မြန်မာပြည်ရှိ အမျိုးကောင်းသား/ သမီးတို့ကိုလည်း ဆရာတော်အား ကရုဏာနှင့်မေတ္တာသက်ဝင် ချစ်ခင်ကြင်နာကြခြင်း အတွက် ထက်လှစွာသော မနောမယဇောဖြင့် တုံ့အပြန်မေတ္တာနှံ၍ မေတ္တာသံသတိ ပြုဘိမည်ဟု အဓိကသစ္စာကို ပြုအံ့တော့သည်ဟူ၏။

မအူပင်ကျေးဇူး

မအူပင်မြို့နယ် ဒါယကာ၊ ဒါယကာမတို့အားဆရာတော်နှင့်ထောင်သောင်းမကသော ပရိတ်သတ်အပေါင်းတို့ကို လက်ခံဝတ်ပြုဧည့်ခံမှု ကျေပွန်စွာ ကျွေးမွေးသိမ်းပိုက်ကြခြင်းအတွက် အလွန်လျှင် ကျေးဇူးတင်ပါသည်ဖြစ်ကြောင်း။

ယင်းသို့မရဏမီးတီ ဖြစ်ဖွယ်ရာ အကြောင်းခြင်းရာတိုကိုတပြန်ပြန်ပြောင်း အောက်မေ့ထင်ခြင်း သိမြင်ထင်ရှားဘိရကား အနှောင်အဖွဲ့ဟူသော ဒုက္ကစရိယာကို ဆရာတော်က ကျင့်ရလေသော်ငြားလည်း စိတ်အားမယိ ပီတိရွင်လန်းစွာနှင့် ထိုသို့သော ဒွံဒဿမာယအတွင်း (စုစုပေါင်းလ ၂၀ ကိုဆိုလိုသည်။)

စိတ်တင်းသောမာန်ဖြင့် ထောင်အကျဉ်းခ့ခဲ့လေသည်။ ထောင်အရာရှိများနှင့် ဆရာဝန်များကိုလည်း သာယာညှင်းပြောင်းစွာ စေတနာနှင့် ထိန်းသိမ်းကြည်ရှုကြသည့်အတွက် အထူးပင်လျှင်ကျေးဇူးတင်ပါ၏။

ဒါယကာ ဒါယကာမအပေါင်းတို့-

မူလအစပထမ၌ သောကမကင်းဖွယ်ရာ အခြင်းအရာတို့နှင့် တွေ့ကြုံခဲ့ရသည့်တစေ ယခုအခြေမှာ သာ၍ဝေဝေဆိုင်းဆိုင်း ညိုမှိုင်းသော အခြင်းအရာတို့ဖြaဖွယ်ရာ အကြောင်းသည်ကား ထင်ရှားလှလေပြီ။ ယင်းသို့တပြီးကား လေနီကြပ်ဆင်သော ရေပြင်သမုဒ် ဝဲဇလုပ်၌ မြန်မာပြည်ကြီးသည် နစ်မြုပ်ဖွယ်ရာသာ ရှိချေပြီ။

အမျိုးသားခေါင်းဆောင်တို့သည် တဦးနှင့်တဦး အကြူးအလွန်ရွတ်ချွန်ရက်စက်စွာ အချင်းချင်း၏သိက္ခကို ပျက်စီးရာပျက်စီးကြောင်းမကောင်းဂုံးချော ပုတ်ခတ်သောအရာဖြင့် ပြောဆိုရှုံ့ချကဲ့ရဲ့ကြပါမူ ပြည်သူ၏ လွတ်လပ်ချမ်းသာရေး နှောင်းနှေးတွေးလျှော့ ဆောဆောဧကန် ပျက်စီးချိန်တန်ရ ချေတော့မည်။

သို့ဖြစ်ခြင်းကြောင့်ဒါယကာအပေါင်းတို့က အချင်းချင်းဖြစ်ပွားကြသော ဝိဝါဒအဓိကရုဏ်းကို ပယ်ရှင်းဖြေဖျောက်ကြ၍ သမာစာရသမာဝါယမ ဖြစ်ကြရအောင် အထူးကျိုးဆောင် ကျင့်မူထိုက်ကြပေသည်။ ဤယခုသမယ၌ ဖြစ်လျှက်ရှိသော ကိစ္စပြဿနာမှာလည်း မြန်မာပြည်တစ်ဝှမ်းလုံးရှိ လူဗိုလ်ခြေပေါင်းနှင့် နောင်လာနောက်သားတို့၏ အရေးကိစ္စကိုပင်လျှင် အန္တိမအခြေတိုင်အောင် ဖွဲ့နှောင်ထုံးထားရမည့်အချက် ဖြစ်ပေသည်။

သို့လင့်စကား နယ်ကပုဂ္ဂိုလ်များက သမာဓိတရားကို ရှေ့ထား၍ စဉ်းစဉ်းစားစား မမှားသောအယူအဆဖြင့် လမ်းမှန်ကျအောင် ဆုံးဖြစ်ဆောင်ရွက်သင့်ကြသည် မချွတ်ဖြစ်ချေသည်။

တဦးနှင့်တစ်ဦး အယူတိမ်းပါးသည်များကို စိတ်ထားမခု ဒေါသဖြင့် မရှူဘဲ ကြည်ဖြူသမှု ဂရုဓမ္မ သူစိတ္တ ဖြင့်သာ ပဋိပဒါဖြင်အောင် ဝိဘူတ ကမ္ဘာ့ နိယာမတရားကို (ဖောက်ပြန်မှု) မြဲစွာသောအာသီသ ထားရှိစေရမည်။ (ဝါ) တဦးနှင့်တဦး၏ အပြစ်အနာအဆာကို လစ်လျူပြု၍ သည်းခံကြင်နာခြင်းရှိစေကြရမည်။ ဗုဒ္ဓမြတ်စွာ ဒေသနာနော်မှာလည်း သည်းခံခြင်းနှင့် ချမ်းငြိမ်းသာယာဖြင်း ရှိစေရမည်ဟု အတုလဘဂဝါ သုံးလူ့ထွဋ်ချာ စောမဟာက ဗျာကရဏပြုခဲ့တိ၏။